ပွင့်ဖြူ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် တားဆီးနိုင်ရေး အတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်း ကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အပြင်သွားလာကြသည့် ဒေသခ ပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များအတိုင်း စနစ်တကျ နေထိုင်သွားလာကြရန် ၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင် သွားကြရန် ၊ ကိုဗစ်- ၁၉ ရောဂါပိုး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန် စသည့် ကြိုတင် ကာကွယ် ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ် နှာခေါင်းစည်းမပါသော ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများကို အသိပညာပေးစာစောင်များ ဝေငှပြီး နှာခေါင်းစည်း (Mask)များ ဖြန့်ဝေ တပ်ဆင် ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ် အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)