ရေနံချောင်း ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိမည့် နေရာများကို လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူ များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိမည့် နေရာများဖြစ်သည့် မြို့နယ် ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် အိမ်ရာများရှိ သတ်မှတ်နေရာ များသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်းနှင့် တာ ဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကာ ကုတင်၊ စောင်၊ ခေါင်းအုံးနှင့် အခင်းများထားရှိနိုင်ရေး၊ လုံခြုံမှုရှိစေရန် အတွက် အကာအရံများပြုလုပ်နိုင်ရေး၊ သောက်သုံးရေနှင့် သန့်စင်ခန်းများလုံလောက်မှုရှိစေရေး၊ လျှပ်စစ်မီးသုံး စွဲနိုင်ရေးနှင့် အခြားလိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်ထား ရှိနိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် အတွင်းသို့ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် သတ်မှတ်ထားသော နေရာတွင် ၁၀ ရက်အသွားအလာကန့်သတ် ထားရှိမည်ဖြစ်ပြီး ဝင်ရောက်လာသည့်နေ့မှ ၃ ရက်မြောက်နေ့တွင် ပထမအကြိမ် RDT ဖြင့်စစ်ဆေးခြင်း၊ ၇ ရက် မြောက်နေ့တွင် ဒုတိယအကြိမ် RT-PRC ဖြင့်စစ်ဆေးခြင်း စုစုပေါင်း နှစ်ကြိမ် စစ်ဆေးရ မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
စိုးသူအောင်