ဆင်ပေါင်ဝဲ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းမကျေးရွာအတွင်းရှိ ဒေသခံတောင်သူများအနေ ဖြင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ခဝဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စား ပင် သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရပြီး သီးနှံများစိုက်ပျိုးရာတွင် တောင်သူများမှာ ကိုက်ပိုင်အဝီစိရေတွင်းများဖြင့် မြေအောက်ရေသွင်းပြီး စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် တောင်သူအများစုသည် စား ပင်သီးပင်များ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်းအစား အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရောနှောစိုက်ပျိုးမှု များလာကြသည်။
ယခုနှစ် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းတွင် ခဝဲစိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် ခဝဲမျိုးစေ့တစ်ထုပ်ကို ၇၀၀၀/- ကျပ်ပေးဝယ်ရပြီး မျိုးစေ့များကို နှစ်ပေပတ်လည် ကျင်းတူး၍ တစ်ပင်နှင့်တစ်ပင် လေး ပေအကွာ စိုက်ပျိုးရကြောင်းနှင့် ရောင်းချရာတွင်လည်း ခဝဲညွန့် ၁၀ ညွန့်လျှင် ၂၅၀/- ကျပ်နှုန်းဖြင့် ရောင်းချရ၍ ငါး ရက်ခြားတစ်ကြိမ် ခူးယူရောင်းချရကြောင်း အင်းမကျေးရွာမှ တောင်သူဦးဝင်းမောင်ထံမှ သိရသည်။
ချိုချိုဝင်း