သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

သရက် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်(၂၆) ရက်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာရေးဆရာမောင်ဝံသ၏ ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေ က  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအချင်းချင်း မိမိဖတ်မှတ်ထားသမျှကို ပြန်လည်မျှဝေပြီး အတွေးအမြင်များဖလှယ်နိုင် စေရန်အတွက် စာဖတ်ဝိုင်းကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club နှင့် Women Club အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်ခင်ဝင်းက ပထမတန်းစားနိုင်ငံ ပထမတန်းစိတ်ဓာတ်၊ ဦးဌေးလှိုင်က ယဉ်ကျေးရည်မွန် ချိုပြုံးရွှင်တဲ့လူမျိုး၊  ဒေါ်ဖြူဖြူဟန်က ရိုးသားပွင့်လင်း ပြောဆိုဆွေးနွေးတဲ့ အစဉ်အလာနှင့် ဦးမြင့်သိန်းက ရန်သူမရှိ ခေါင်းစဉ်များဖြင့် စာရေးဆရာ၏ တင်ပြမှုအပေါ် စာဖတ်သူ၏ အမြင်ကိုဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာပေချစ် မြတ်နိုးသူများဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆွေးနွေးချက်များကို သုံးသပ်ဆွေးနွေးပြီး စာပေချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)