မုဒုံ ဇွန် ၂၇
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက် ကန်ကြီးဓမ္မရာဇိန်ကျောင်းတိုက်၌ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။
အခမ်းအနားတွင် မုဒုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ဩဝါဒဆရာတော် ဓမ္မဂုဏ်ရည် ကျောက်ဝိုင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မသေနထံမှ ငါးပါးသီလခံယူ ဆောက်တည်တော်မူကြပြီး မုဒုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဖြည့်စွက် ၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို မြန်မာသက္ကရာဇ် (၁၂၆၈) ခု ကဆုန်လပြည့်ကျော် (၄) ရက်နေ့၊ ၁၉၀၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါကြောင်း၊ အသင်း၏ ဆောင်ပုဒ်မှာ အမျိုး ဘာသာ၊ သာသနာ၊ ပညာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးဦးတည်ချက်(၃)ရပ်မှ ပထမအချက် ဖြစ်တဲ့ စစ်မှန် သည့် မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအချင်းချင်းရိုင်းပင်းကူညီသည့်စိတ်၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထား ထိန်းသိမ်းသည့်စိတ်၊ အမျိုးအနွယ်ကို စောင့်ထိန်းသည့်စိတ်၊ နိုင်ငံတော်နှင့်အမျိုးဘာသာ သာသနာကို စောင့်ထိန်းလိုသည့်စိတ်၊ မိမိနိုင်ငံနှင့် လူမျိုးအကျိုးကိုသယ်ပိုးနိုင်ရန် လူငယ်များတာဝန်ရှိပါကြောင်း စသည်ဖြင့် လျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများပေးအပ်လှူဒါန်းကြသည်။ အဆိုပါယဉ်ကျေးလိမ္မာသင်တန်းကို နေရာ(၈)နေရာဖြင့် သင်တန်း နည်းပြဆရာ၊ဆရာမ(၄၀)ဦးက သင်တန်းသား၊သင်တန်းသူစုစုပေါင်း(၅၅၀)ဦးတို့ဖြင့် (၇)ရက်ကြာဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး အလားတူယနေ့တွင်ယဉ်ကျေးလိမ္မာ သင်တန်းများကိုမော်လမြိုင်မြို့နယ် ၊ ချောင်းဆုံ မြို့နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)