မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ တက်ရောက် 

မကွေး     ဇွန်       ၂၇ 

သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားကာ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့သည်။ 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က အသေး စား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ဒေသအတွင်းမှာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နှစ်စဉ်  အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းတွေ နည်းပညာဖြန့်ဖြူးပေးခြင်း သင်တန်းတွေ အသေးစား စက်မှု၊လက်မှု လုပ်ငန်းငယ်တွေကို လုပ်ငန်းမှတ်ပုံတင်ပေးခြင်းတွေ၊ Innovation လုပ်ငန်း တွေ၊ သုတေသနဓါတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းပြည်သူ လူထုအနေနဲ့ ဒီဌာနကနေ သင်ကြားပို့ချပေးတဲ့ သင်တန်းတွေကို တက်ရောက်ပြီး အသိပညာ၊ အတတ်ပညာများ ရရှိစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေဖို့၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိ စေဖို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းရှင် ငယ်များ ပေါ်ထွက်လာစေဖို့အတွက် ဌာနအနေနဲ့ ရည်ရွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ဒီနေ့ ဆင်းပွဲပြုလုပ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဟာဆိုရင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီကနေ ခွင့်ပြုပေးတဲ့ ရန်ပုံငွေနဲ့ အခမဲ့ ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း၊သင်တန်းသားများ အနေနဲ့  သင်တန်းဆင်းပြီးတဲ့ အခါမှာလည်း သင်တန်းက သင်ကြားပို့ချပေးလိုက်တဲ့ နည်းပညာတွေနဲ့  မိမိ ကိုယ်ရည်ကိုယ်သွေး အကြံဉာဏ်များကို အသုံးချပြီး မိသားစုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက် မွေးဝမ်းကျောင်းလုပ်ငန်းငယ်များ ထူထောင်လုပ်ကိုင် ဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားခဲ့သည်။ 

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီမှူးက သင်တန်း သား/ သင်တန်းသူများအား သင်တန်းဆင်းအမှာစကား ပြောကြားကာ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးက ကျေးဇူတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ 

သင်တန်းဆင်းပွဲအပြီးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် တိုင်းဒေသကြီး အသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာန သင်တန်းခန်းမအတွင်း သင်တန်းဖွင့်လှစ် ပိုချစဉ် အသုံးပြုဆောင်ရွက်ခဲ့သည့် စက်ပစ္စည်းများ၊ သင်တန်းထွက်ကုန်ချောပစ္စည်းများနှင့် သင်တန်းတွင် အသုံးပြုသည့် သုတေသနဓါတ်ခွဲစမ်းသပ်ခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)