မော်လမြိုင် ဇွန် ၂၇
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မုတ္တမမြ စေတီနန်းဦးစာသင်တိုက်၌ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။
အခမ်းအနားတွင်ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ဩဝါဒဆရာတော် အရှင်ဥတ္တရာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူကြပြီး မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက သာသနာရေးဆိုင်ရာများလျှောက်ထားပေးပြီး သင်တန်းသား၊ သင်တန်း သူများ အနေဖြင့် (၃၈)ဖြာမင်္ဂလာတရားတော်များအညီ ယဉ်ကျေးလိမ္မာသောလူတော်၊ လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီးပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဆရာတော်ကြီး ထံလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။ အဆိုပါသင်တန်းကို မုတ္တမမြစေတီနန်းဦးကျောင်းတိုက်၊ ကြခတ်ငူကျေးရွာနှင့် ဇင်းကျိုက်မြို့တို့တွင် သင်တန်းသား(၅၀) ဦးစီဖြင့် ရက်သတ္တပတ် (၇) ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း