မော်လမြိုင် ဇွန် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မှ Field Day အစီအစဉ်အဖြစ် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့က မော်လမြိုင်မြို့နယ် ကြာအင်းစံပြကျေးရွာရှိ အသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
သင်တန်းတွင် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်က စားသောက်ကုန်ပြုလုပ်နည်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများအတွက် Field Day အစီအစဉ်ဖြင့် (၁)ရက်တာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် စားသောက်ကုန် ပြုလုပ်နည်းများကို လက်တွေ့အသုံးချပြီး မိသားစုအတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများ ဖန်တီးပေးနိုင်သည်သာမက တစ်ပိုင်တစ်နိုင် အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်း အဖြစ်ထူ ထောင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ကြက်ဥခေါက်မုန့်၊ ဒူးရင်းသီး pillow၊ ငှက်ပျောသီး pillowနှင့် သရက်သီးပူတင်း ပြုလုပ်ပုံ အဆင့်ဆင့်ကို သင်တန်းနည်းပြဆရာမ(၅)ဦးက လက်တွေ့သင်ကြား ပေးသည်။
ယင်းသင်တန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် မေလအထိ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၈)ကြိမ် ပို့ချခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဇာဖြူဝင်း