ငပလီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ 

ငပလီ ဇွန်  ၂၆

 

ငပလီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ငပလီမြို့ ပြည်သူ့ဆေးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

အစည်းအဝေးတွင် လေးမျက်နှာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူများ နေအိမ်ပြင်ပ သွားလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများ ကိုယခင်က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ဖြစ်သော်လည်း ယခုအချိန် ငပလီမြို့တွင် Positive လူနာများတွေ့ရှိ လာပြီဖြစ်သဖြင့် အသိပညာပေးလုပ်ငန်း ထပ်မံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ကြေညာဆောင်ရွက်ရန်လိုအပ် ကြောင်းရှင်းလင်း ဆွေးနွေးခဲ့သည်။ ပြီးနောက် သံတွဲခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး Dr-ရဲဝင်းထွန်းက Positive လက္ခဏာ တွေ့ရှိသူများအနေဖြင့် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကူးစက်မှုဖြစ်သည့် အတွက် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) များတပ်ဆင်ရန် လိုအပ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်အညီ သွားလာနေထိုင် ရန်လိုအပ်ပါ ကြောင်း ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

ငပလီမြို့တွင်ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုတွေ့သူ (၉) ဦးအထိရှိလာပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့သူ (၁၇) ဦးအား ငပလီမြို့ပြည်သူ့ဆေးရုံတွင် Community Based Facility Quarantine ထားရှိပြီး စောင့်ကြည့်ထားသူများ၏ လိုအပ်ချက်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဒေသရှိ ပရဟိအဖွဲ့ဝင်များ၊ စေတနာအလှူရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ငြိမ်း