ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့်နွေနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်း

ပွင့်ဖြူ      ဇွန်     ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်လာပြီ ဖြစ်၍ တောင်သူများစတင် သိမ်းဆည်း (ရိတ်သိမ်း) နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ယခု  ၂၀၂၀ -၂၀၂၁ နွေနှမ်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမ ကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ဆည်ရေများဖြန့်ဝေပေးရာတွင် ဆည်ရေဝင်ရောက်မှု နည်းပါးခဲ့သည့် အတွက် နွေစပါးစိုက်ပျိုးတောင်သူများအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ကာ မြောက်မုန်းမြောင်းမကြီးမှ တစ်ဆင့် ဖြန့်ဝေပေးခဲ့ပြီး နွေနှမ်းစိုက်ပျိုးတောင်သူများကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တောင်မုန်းမြောင်းမကြီးမှ တစ်ဆင့် စနစ်တကျ  ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေဆောင်ရွက် ပေးခဲ့သဖြင့် တောင်သူများ စပါးနှင့် နှမ်းများ စိုက်ပျိုးရာတွင် ဆည်ရေလုံလောက်စွာရရှိကာ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေနှမ်းစိုက်ခင်းများမှာ သီးနှံများရင့်မှည့်လာပြီဖြစ်သဖြင့် တောင်သူများက နွေနှမ်းစိုက်လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားများ ငှားရမ်း၍ စတင် သိမ်းဆည်း(ရိတ်သိမ်း)နေကြပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး နွေ၊ မိုး၊ ဆောင်းသုံးရာသီ သီးနှံများစိုက်ပျိုး လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာတော့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှာ ရေဝင်နည်းပါးခဲ့သည့် အတွက် နွေစပါးနဲ့ နွေသီးနှံ စိုက်ပျိုးတောင်သူများကို အလှည့်ကျစနစ်နဲ့ စိုက်ပျိုးရေပေးဝေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေးခဲ့တဲ့အတွက် ကျွန်တော်တို့ တောင်သူတွေ စိုက်ပျိုးထားတဲ့ နွေစပါးနဲ့ နွေနှမ်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် နွေနှမ်းစိုက်ခင်း တွေဟာ အသီးများရင့်မှည့်လာပြီဖြစ်လို့ တောင်သူတွေက နွေနှမ်းစိုက်လယ်မြေတွေမှာ မိုးစပါး အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားများငှားရမ်းပြီး အပြိုင်အဆိုင်သိမ်းဆည်း (ရိတ်သိမ်း) နေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတာကတော့ စမုံနက် နှမ်းမျိုး ဖြစ်ပါတယ်။ ယခုလက်ရှိ ဈေးနှုန်းကတော့ တစ်တင်းကို ငွေကျပ် ၅၀၀၀၀ ကျော် ဝန်းကျင် အရောင်းအဝယ် ဖြစ်နေပါတယ်။ သီးနှံအထွက်နှုန်းကတော့ တစ်ဧကကို အနည်းဆုံး (၁၀)တင်းမှ (၁၂)တင်းအထိ ထွက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က နှမ်းဈေးနှုန်းကောင်းတော့ တောင်သူတွေ တွက်ချေကိုက်ပေမယ့် ယခုနှစ်မှာတော့ နှမ်းဈေးနှုန်းတွေ ကျဆင်း နေတဲ့အတွက် ဈေးကောင်းရရှိဖို့အတွက် တောင်သူတွေက မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာမှ နွေနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

  ရဲဝင်းနိုင် ( ညောင်ဦး )