ကျောက်တံခါး ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှလှူဒါန်းသည့် နှစ်လုံးတွဲစတီး လက်ဆေးဘေစင်နှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဆန်းလွင်နှင့် တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ တောကျွဲအင်းဒေသ မဇ္စိုမာရုံဘုန်းတော်ကြီးသင်(မူလွန်)ကျောင်း၊ ပဲနွယ်ကုန်းဒေသညောင်ဝိုင်း ဘုန်းတော်ကြီး သင်(မူလွန်)တို့အား နှစ်လုံးတွဲစတီးလက်ဆေးဘေစင်လှူဒါန်းပြီး အင်ဝိုင်းကြီး(မူလွန်) ကျောင်းနှင့် တောကျွဲအင်း(မူလွန်)ကျောင်းတို့အတွက် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများအားပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။