မင်းဘူး ဇွန် ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် နန်းဦးကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူမှုတာဝန်သိမှု CSR ရန်ပုံငွေဖြင့် ရွာအဝင်လမ်းခင်းခြင်း စတင်လုပ်ဆောင် နေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းမှာ အရှည် ၉၅၀ ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၈ လက်မရှိပြီး တင်ဒါအောင်မြင်သည့် မြမြန်မာ မိသားစုကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ခြင်းဖြစ်ပြီး ခွင့်ပြုငွေကျပ် ၂၆၀၆၅၉၂၆ သိန်းဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရွာအဝင်လမ်းခင်းခြင်းအား ရာနှုန်းပြည့်ပြီးစီးပါက နန်းဦးကျေးရွာတွင် အိမ်ခြေပေါင်း ၁၁၅ အိမ်နှင့် လူဦးရေပေါင်း ၄၅၃ ဦးရှိကာ ရွာသူရွာသားများ စီးပွားရေး၊ ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ သွားရေးလာရေး အဆင်ပြေလာသဖြင့် ပညာရေးကဏ္ဍတို့တွင်လည်း ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် နန်းဦးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလွင်လွင်ဦးထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)