ပွင့်ဖြူမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ    ဇွန်   ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ODDEST  Construction ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၂ ဒသမ ၃၅၂ သန်းဖြင့် အလျား ၈၀ ပေ၊ အနံ ၃၄ ပေ ရှိ လေးခန်းတွဲ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ တည်ဆောက်ပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင်နီယာ ကိုချမ်းမြေ့သူက ဝန်ထမ်းအိမ်ယာဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်ပြီး လိုက်လံ ရှင်းလင်း ပြသခဲ့သည်။ ထို့နောက် တာဝန်ရှိသူများအဖွဲ့က တင်ဒါပါစည်းကမ်းချက်များနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၂၀၇ ဒသမ ၄၈ သန်းဖြင့် အလျား ၁၄၀ ပေ ၊ အနံ ၃၀ ပေရှိ အာရ်စီနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ် နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တာဝန်ယူဆောက်လုပ်သည့် ရွှေမန်ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးထွန်းရှိန်နှင့် လုပ်ငန်းခွင်အင်ဂျင်နီယာ ဦးဇော်မင်းတို့က တင်ဒါပါစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ဆောက်လုပ်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ဆောက်လုပ်မည့်ကျောင်းဆောင်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ကျောင်းဆောင်အဆောက်အဦ ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် လုပ်ငန်းအရည်အသွေး ကောင်းမွန်‌ရေးနှင့် အချိန်မီတည်ဆောက်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )