အုတ်ဖို ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသား(၃)ယောက်တွဲ အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို ယမန်နေ့မှစတင်၍ အေးမြသာယာမှ (၂)သင်း၊ အိုးသည်ကုန်းမှ(၂)သင်း၊ အုတ်ဖိုမြို့ မှ (၂)သင်း၊ ကျွန်းကောက်ပင်အသင်းနှင့် အညာတန်းအသင်း စုစုပေါင်း အသင်း(၈)သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင် အညာတန်းအသင်းနှင့် အေးမြသာယာ(က)အသင်းတို့ ဗိုလ်လုယှဉ်ပြိုင် ခဲ့ကြရာ အညာတန်းအသင်းမှဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ်အားစားမှူး ဒေါ်လဲ့လဲလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူ တို့မှ ပထမဆုရရှိသည့် အညာတန်းအသင်း၊ ဒုတိယဆု ရရှိသည့် အေးမြသာယာ(က)အသင်းနှင့် တတိယဆုရရှိသည့် ကျွန်းကောက်ပင်အသင်းတို့အား အသီးသီးဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)