ပန်းတနော် ဇွန် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က တက်ရောက်လာကြသည့် ကျေးရွာ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇေယျာနိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းတွင် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာ အတွင်းများထိ လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်လျက်ရှိရာ ရာသီမရွေးသွားလာနိုင်ပြီးဖြစ်သဖြင့် အကျိုး ကျေးဇူးများ စွာရရှိပါကြောင်း၊ လုပ်ငန်းများရေရှည် တည်တံ့စေရေး ကျေးရွာကော်မတီဝင်များနှင့် ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ထို့နောက် ကျေးရွာ ကော်မတီဝင် ဆင်လမ်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေးလုပ်ငန်းများ ရေရှည်တည်တံ့စေစေရေး Operation and Maintanance Procedure ရေးဆွဲဆောင်ရွက်ရေး ကိစ္စရပ်များအားဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်း အရ ကျေးရွာအုပ်စု( ၂၆) အုပ်စုရှိ ကျေးရွာပေါင်း (၂၆)ရွာတွင် လျှပ်စစ်မီးလင်းရေး( ၁)ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်း(၇)လမ်း၊ ကွန်ကရစ်ဘီးလမ်း( ၁၈)လမ်း၊ ကျောက်ချောလမ်း( ၁) လမ်းတို့ ဆောင်ရွက်ပြီးစီး နိုင်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇေယျာနိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)