မောင်တော ဇွန် ၂၆
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ၊ ကပ္ပကောင်းကျေးရွာနေ အသက် (၄၀) အရွယ် ရှိ (ကျား) တစ်ဦး မှာ ဖျားနာ၊ ခေါင်းဆိုးသဖြင့် ဇွန် ၂၃ ရက်နေ့တွင် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသ မှုခံယူလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိသဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ Negative အဖြစ် တွေ့ရှိရပြီး ထပ်မံ၍ ဒုတိယအကြိမ် ဇွန် ၂၅ ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံရှိ Reverse-transcription Polymerase Chain Reaction (RT-PCR) စက်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ (ကျား) တစ်ဦးအား မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိရာ ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့ မှ ဇွန် ၂၅ ရက်နေ့ထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၈)ဦးရှိပြီး ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများအနက် သုံးဦးမှာ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံ ပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိ ရသည်။
သက်လွင်စိုး