ပြင်စလူ ဇွန် ၂၆
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈) နာရီက လပွတ္တာခရိုင်၊ ပြင်စလူမြို့ ရပ်ကွက်များအတွင်းရှိ သင်္ဘောဆိပ်ကမ်း၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအားပြင်စလူမြို့ ၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး နှင့်ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ ကာတွန်းများ ပါဝင်ပြီး ဒေသခံပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်များကို ကောင်းစွာသိရှိပြီး သတိပြုလိုက်နာကြစေရန် ဖြန့်ဝေဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ဖြန့်ဝေပေးသော သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြင်စလူ (ပြန်/ဆက်)