မင်းဘူး ဇွန် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန်၊ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန်တို့အတွက် မင်းဘူးမြို့နယ်မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့မနက် ၉ နာရီအချိန်က မော်တော်ယာဉ်များအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်နေလင်း ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များသည် မင်းဘူး-စကု လမ်းပေါ်တွင် သွားလာနေသော မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးလျက်ရှိပြီး မော်တော်ကားများအား ယာဉ်မောင်းလိုင်စင်၊ ခါးပတ် ပတ်ထားခြင်း ရှိမရှိ ခေါင်းခန်းတွင် ယာဉ်မောင်းအပြင် နှစ်ဦးသာ စီးနင်းခွင့်ပြု၍ မော်တော်ဆိုင်ကယ်များမှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြရန်၊ ဆိုင်ကယ်ပေါ်တွင် ဆိုင်ကယ်မောင်းသူအပြင် တစ်ဦးသာ စီးနင်းခွင့်ပြုပြီး ပစ္စည်းတင်ဆောင်ရာတွင်လည်း ဆိုင်ကယ် တစ်နိုင်သာ တင်ခွင့်ပြုကာ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ဖမ်းဆီးစစ်ဆေးခြင်း၊ ဗီနိုင်းပိုစတာကပ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ဆင်း၍ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ခရိုင်ပြန်ဆက် ဦးစီးဌာနများနှင့် ပူးပေါင်း၍ TALK SHOW များတွင် ဆွေးနွေးမှုများ ပြုလုပ်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်နေလင်းက ပြောသည်။
ဇေယျာထက် (မင်းဘူး)