ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြော

ဆိပ်ဖြူ  ဇွန် ၂၆

ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကို ချောင်းမကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က  ကျောင်းသား၊ ကျောင်းသူများအား မိမိပတ်ဝန်းကျင်တွင် လူမျိုးပြုန်းတီးမှုနှင့် လူ့ဘဝအသက် ဆုံးရှုံးစေသည်အထိ ကြောက်မက်ဖွယ်၊ လက်နက်သဖွယ်အသုံးပြုနေကြသည့် မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာ များကို အသိရှိရှိ သတိရှိရှိ နေထိုင်ကြရေး၊ အသုံးမချကြရေးအသိပညာပေးပြောကြားပြီး၊ ပခုက္ကူခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်နေလင်းက ဦးစီးဌာန၏လုပ်ငန်းများနှင့် စားသုံးသူများအတွက် အခွင့်အရေး(၈)ချက်ကို လည်းကောင်း၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊တပ်ခွဲမှူး ဦးမောင်မောင်ဝင်းက မြို့နယ်ကြက်ခြေနီအဖွဲ့၏ လုပ်ငန်းဆောင်ရွက် ချက်များ ကို အသိပညာပေး ပြောကြားကြသည်။

 ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ၊ ပခုက္ကူခရိုင်၊ စားသုံးသူ ရေးရာ ဦးစီးဌာနကထုတ်ဝေသည့် စားသုံးသူဥပဒေအကြောင်းအရာများပါရှိသည့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမျိုး(ယောဧရာ)