ပေါက်တောမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပေါက်တော ဇွန်  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ (၂၀၂၂)ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်းမဲပေးခွင့်မဆုံးရှုံးစေရေးအတွက်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိရပ်ကွက်/ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပြီးစီး၍ နိုင်ငံသားကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်၊ အိမ်ထောင်စုစာရင်းပြုလုပ်ပေးခြင်းအကြောင်းအရာများ၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ(လဝက)ရောက်ရှိစဉ် မပျက်မကွက်ပြုလုပ်ကြရန်တို့ မှာကြား ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ် လဝကဦးစီးမှူး ဦးတင်အောင်ဖြိုးက ပန်းခင်း စီမံချက်အရ အကောင်အထည်ဖေါ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍သက်ဆိုင်ရာ‌ ပေါက်တော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး(လဝက)မှ ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးသို့ ကွင်းဆင်းသွားရောက် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားပြီးနောက်၊ ပြုလုပ်ပြီးစီးသွားသည့် သဲချောင်းကျေးရွာအုပ်စုမှ (၁၈)နှစ် အောက်(၁၄)ဦး၊ (၁၈)နှစ်အထက်(၄၆)ဦး၊ ဇီးချိုမော်ကျေးရွာအုပ်စု(၁၈)နှစ်အောက် (၁၀)ဦး၊ (၁၈)နှစ်‌အထက်(၁၀)ဦး၊ လက်မယာကျေးရွာအုပ်စု (၁၈)နှစ်အောက်(၁၃)ဦး၊ (၁၈)နှစ်အထက် (၁၄၀)ဦး စုစုပေါင်း(၂၃၃)ဦးကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းကို  ၂၀၂၁-ခုနှစ်မေလ ၃ ရက် နေ့မှ -၂၀၂၂ -ခုနိုဝင်ဘာလ ၃ ရက်နေ့ထိ (၁၈) လတာ ဆောင်ရွက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သန်း  (ပြန်/ဆက်)