ရွှေသောင်ယံမြို့တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရွှေသောင်ယံ  ဇွန်  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် ၇ နာရီက ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်နှင့် ဝန်ထမ်းများမှ ရွှေသောင်ယံမြို့၊ ယာယီဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ လက်ဖက်ရည်ဆိုင်များတို့တွင် လိုက်လံ ဖြန့်ဝေပေးခဲ့ကြသည်။


ထို့နောက် နံနက်၉နာရီအချိန်တွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နှင့်ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲအုပ်‌ကျော်ကျော်သက်နှင့် တပ်ဖွဲ့ဝင်များက စာသင်ကျောင်းများ သို့ သွားရောက်၍ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ လက်ဝယ်သို့လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့ကြပြီး ရဲအုပ်ကျော်ကျော်သက်မှ ကျောင်းသူ၊ ကျောင်းသားများအား မူးယစ် အန္တရာယ်သိကောင်းစရာများအကြောင်းကိုအတိုချုပ်ပြောကြားခဲ့သည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးသုံးစွဲသူဖေးမကူဟူ၍ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်ပတ်သက်သောအကြောင်းအရာများများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)