မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မင်းဘူး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်အားကစား ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ယခုလ ၂၃ ရက်နေ့မှစတင်၍ အုပ်စု(၄)စု၊ ပြိုပွဲဝင်အသင်း (၁၀)သင်းဖြင့် အုပ်စုပွဲစဉ်များကို စတင်ကျင်းပခဲ့ပြီး ၂၄ ရက်နေ့၌ ကွာတားပွဲစဉ်နှင့် ဆီမီးပွဲစဉ်များကို အသီးသီးယှဉ်ပြိုင် ကစားခဲ့ကြကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှူးရုံးမှ သိရသည်။

ယနေ့ပြိုင်ပွဲများတွင် တတိယလုပွဲကို မန်းရေနံမီးသတ်(ခ)အသင်းနှင့် မန်းရေနံမီးသတ်(က)အသင်း တို့ကလည်းကောင်း၊ ဗိုလ်လုပွဲကို အိမ်ယာ(ခ)အသင်းနှင့် Diamong အသင်း တို့က လည်းကောင်း အသီးသီးယှဉ်ပြိုင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းမင်းသန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုကို Diamong အသင်း၊  ဒုတိယဆုကို အိမ်ယာ(ခ)အသင်း၊ တတိယဆုကို မန်းရေနံ မီးသတ်(ခ)အသင်းတို့က အသီးသီးစွတ်ခူးရရှိခဲ့ပြီး ဆုရရှိသော အသင်းသားများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)