လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လေးမျက်နှာ  ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လေးမျက်နှာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်ဗိုလ်မှူးရဲရင့်နောင်မှ ပြည်သူများ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရန်၊ လိုအပ်သည်များကို  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်စုစုလှိုင်မှ Quarantine Centre များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် Positive လူနာများတွေ့ရှိလာပါက သီးသန့်ဆောင်တွင် ထားရှိ ကုသဆောင်ရွက်သွားမည့်  လုပ်ငန်းများကို အသေးစိတ်  ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက  ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ကြေညာဆောင်ရွက်ရန်၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရန်နှင့် အသိပညာပေး ဗီနိုင်း/ ပိုစတာများကို ချိတ်ဆွဲ/တပ်ဆင်/ပြသထားရှိရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ မဖြစ်ပေါ် စေရေး လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေတင်ပြကြရာ တင်ပြလာမှုအပေါ် ကော်မတီ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ လေးမျက်နှာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)