ညောင်လေးပင် ဇွန် ၂၅
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု လုပ်ငန်း ရာသီနှစ်အတွက် အိတ်ဖွင့်တင်ဒါပိုက်ချက်များ (တတိယ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေလံတင်ရောင်းချခြင်း အခမ်းအနားတွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်က အိတ်ဖွင့်တင်ဒါရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ညောင်လေးပင် မြို့နယ်အတွင်းရှိ အင်းလုပ်ကိုင်လိုသည့် ကျေးရွာနေပြည်သူများအနေဖြင့် မိမိဒေသအတွင်းရှိ တင်ဒါ ပိုက်ချက်များအား စိတ်ဝင်စားမှုရှိပါက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် မိမိတို့ တတ်နိုင်သည့်ဈေးဖြင့် လာရောက်လျှောက်ထားဝယ်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းက လေလံကြော်ငြာပါစည်းကမ်းချက်များဖတ်ကြားခဲ့ပြီး လေလံတင် ရောင်းချရေးအဖွဲ့မှ လေလံတင်ရောင်းချပေးခဲ့သည်။
လေလံတင်ပွဲအခမ်းအနားသို့ လေလံတင်ရောင်းချရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ အင်းလုပ်ငန်း လုပ်ကိုင်သူများ တက်ရောက်ခဲ့ကြပြီး ညောင်လေးပင်မြို့နယ်တွင် အိတ်ဖွင့်တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချရာတွင် ညောင်လေးပင်မြို့နယ်ရှိ တင်ဒါပိုက်ချက် (၂၅)ခုတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ရောင်းချရာတို့၌ တင်ဒါပိုက်ချက် (၆)ခု ရောင်းချနိုင်ခဲ့ပြီး ယခုတတိယအကြိမ်တွင် ကြမ်းခင်းဈေးမကိုက်ညီသဖြင့် ရောင်းချနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။