ဂန့်ဂေါ ဇွန် ၂၅
ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဘုရားကြီးမြောက်ကျောင်းတိုက်ရှိ ဒေဝမုနိ ရန်အောင်မြင် စေတီတော် ၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်သည် ဧပြီ ၃၀ ရက်က တိုက်ခတ်သည့်လေပြင်းဒဏ်ကြောင့် မြေခပျက်စီးခဲ့ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ သြဝါဒနှင့်အညီ စေတီတော်ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ပြုပြင်မွမ်းမံလျက်ရှိရာ ဌာပနာတော်သွင်းပူဇော်ပွဲကို ဘုရားကြီးမြောက်ကျောင်းတိုက်၌ ယမန်နေ့ နံနက်က ပြုလုပ်ရာ ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ဒေဝမုနိစေတီတော်မြတ်ကြီးတွင် သွင်းလှူပူဇော်မည့် သတ္တဌာနပဋိမာရုပ်ပွါးတော်မြတ် များ၊ ဓာတု၊ ဥဒိတ၊ ပရိဘောဂစေတီ ဌာပနာတော်မြတ်များနှင့် ဌာပနာတော်ပစ္စည်းများကို စေတီတော် သို့ အောင်အိုးကိုင်၊ သာသနာ့အလံကိုင်၊ အလှပန်းဖလား၊ ပန်းကြဲများနှင့် လက်ယာရစ်လှည့်လည် ပင့်ဆောင်ကြလျက် စေတီတော်အထွတ်တွင်တင်လှူပူဇော်လျက် ဇယန္တောဗောဓိယာမူလေ ဂါထာတော် ဖြင့် ပူဇော်ကြကြောင်း သိရသည်။
တောင်သားမောင်သန်း