ငါးသိုင်းချောင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ သာသနာ ့ဗိမာန်သိမ်တော်ကြီး၌ ဇွန်လ (၂၄)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်က (၂၀၂၀)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာငါးသိုင်းချောင်းမြို့၊ ရွှေတောင်ကျောင်းတိုက်ဆရာတော် ဦးဣန္နြိယဘိဝံသက (၆၈)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အဖွင့်ငါးပါးသီလနှင့်သြဝါဒကထာကို ချီးမြှင့်ဖွင့်လှစ်ခဲ့ပြီး ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားခြင်း၊ ငါးသိုင်းချောင်းမြို့၊ သာသနာ့ဗိမ္မာန် စာဖြေဌာနတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် ကျောင်းတိုက်(၄)တိုက်မှ စာအောင်သံဃာ ပထမ လတ်တန်း(၂)ပါး၊ ပထမငယ်တန်း(၁)ပါးနှင့် အခြေပြုမူလတန်း(၁၀)ပါး ၊ စုစုပေါင်းစာအောင်သံဃာ၊ ရှင်သာမဏေနှင့် သီလရှင်စုစုပေါင်း(၁၃)ပါးအား ဩဝါဒစရိယဆရာတော်ကြီးများက အောင်လက်မှတ်ချီးမြှင့်ခြင်းနှင့် နဝကမ္မဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများကို အခမ်းအနား တက်ရောက်လာသော ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ငါးသိုင်းချောင်း မြို့ပေါ်ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူစေတနာရှင် အလှူရှင်များကဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ဩဝါဒစရိယဆရာတော်ကြီး(၂)ပါး၊စာဖြေဌာနကြီးကြပ်နာယကဆရာတော်ကြီး(၁၃)ပါး၊ စာချဆရာ တော်များနှင့်စာသင်သားရှင်သာမဏေ(၆)ပါးသို့ ငါးသိုင်းချောင်းမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ဒေသခံပြည်သူများက နဝကမ္မနှင့်လှူဖွယ်ဝတ္ထုများ စုပေါင်းဆက်ကပ်လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြပြီး နဝကမ္မဝတ္ထုငွေစုပေါင်းလှူဒါန်းမှု စုစုပေါင်းတန်ဖိုး(၂၈၈၀၀၀ဝိ/)ကျပ် စုပေါင်းလှူဒါန်းနိုင်ခဲ့ကြကြောင်း၊ ငါးသိုင်းချောင်းမြို့၌ စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၆၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)