ငဖဲ ဇွန် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ မင်းလွင်ကျေးရွာအုပ်စု ဝင်္ကဘာကျေးရွာတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ (၁)လကြာ ဖွင့်လှစ် သင်ကြားပေးခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝင်္ကဘာကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် မိသားစုအပိုဝင်ငွေတိုးပွားရေးရည်ရွယ်ပြီး အမျိုးသမီးငယ်များအား အခြေခံ စက်ချုပ် ပညာရပ်များကို သင်ကြားပေးတာဖြစ်ပြီး အဆင့်မြင့် စက်ချုပ်ပညာရပ်များကိုလည်း ဆက်လက် လေ့လာ သင်ယူသွားကြရန်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝေလင်းမောင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး အခြေခံစက်ချုပ်သင်တန်း ကာလပြီးဆုံးအောင် တက်ရောက် သင်ကြား ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုသင်တန်းမှရရှိသော ပညာရပ်များဖြင့် မိမိတို့၏လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အခြေခံစက်ချုပ်သင်တန်းဆင်းလက်မှတ်များ၊ ထူးချွန်သင်တန်းသားများအားဂုဏ်ပြု မှတ်တမ်း လွှာများနှင့် သင်တန်းနည်းပြများအားဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါစက်ချုပ်သင်တန်းသို့ မင်းလွင်ကျေးရွာအုပ်စုအတွင်းရှိ မင်းလွင်ကျေးရွာ၊ဝင်္ကဘာကျေးရွာ၊ အိုးမြေခုံကျေးရွာနှင့် ငဖဲမြို့မမှ သင်တန်းသူ(၃၂)ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ(၂)ဦးက အခြေခံ စက်ချုပ်ပညာရပ်များဖြစ်သည့် ကလေးအဝတ်အထည်နှင့် အမျိုးသား၊ အမျိုးသမီးဝတ် အဝတ်အထည် များကို သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့၊လက်တွေ့ တစ်လကြာဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)