လေးမျက်နှာ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ခေါင်းဆောင်မှု အရည်အသွေးမြင့်မားရေး ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက်(၉:၃၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကျော်သူက အမှာစကားပြောကြားခဲ့ရာတွင် လေးမျက်နှာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေ ရရှိရေးစီမံကိန်း၊ VDPစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများတွင် ဖွဲ့စည်း ထားသော ကျေးရွာကော်မတီဝင်များအား ခေါင်းဆောင်မှုအရည်အသွေး မြင့်မားရေးအတွက် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာများအရောက်ဆင်း၍ အခက်အခဲများနှင့် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလဖြစ်သောကြောင့် အခက်အခဲများရှိသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာများအလိုက် ဆောင်ရွက်ထားသော လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန် ကော်မတီဝင် များနှင့်အတူ ကျေးရွာနေပြည်သူများမှာ လည်းတာဝန်ရှိကြောင်း၊ တက်ရောက် လာကြသော ကော်မတီဝင်များအားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းသားအချင်းချင်း မိတ်ဆက်ခဲ့ကြပြီး သင်တန်းဆရာများက ကောင်းမွန်သည့် ခေါင်းဆောင်မှုနှင့် ညံ့ဖျင်းသည့် ခေါင်းဆောင်မှု ၊ ခေါင်းဆောင်မှုပုံစံများ၊ ကောင်းမွန်သော ဆက်သွယ်ဆောင်ရွက်မှု၊ ခေါင်းဆောင်ကောင်းတစ်ဦး ပြုကျင့်ရမည့် အမူအကျင့်စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးစီမံကိန်း၊ VDPစီမံကိန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျွန်းတဲ၊ လှည်းထောက်ကွင်း၊ ရှမ်းရွာ၊ ဒေါင့်ကွေး၊ အောက်စု၊ ကွမ်းခြံကုန်း၊ လက်သမား(ကရင်)၊ ခမောက်စု၊ စဉ့်ကူး၊ အလုံးကြီး၊ ညောင်ဝိုင်း၊ စစ်ကုန်းစသည့် ကျေးရွာများမှ ကျေးရွာကော်မတီဝင်(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀နာရီအချိန်အထိ တစ်ရက်သာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)