မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၄၀)အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ပို့ချ

မကွေး သြဂုတ် ၁၁

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီက ကျင်းပ ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

သင်တန်းဖွင့် အခမ်းအနားတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ရာသီဥတုဖောက်ပြန်မှုများကြောင့် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံများပါ သဘာဝဘေး အန္တရာယ် (Natural Disaster) များ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ  ပရဟိတအဖွဲ့များအနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့အခါ  စနစ်တကျ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုတတ်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဒီသင်တန်းမှာ မီးသတ် တပ်ဖွဲ့မှာ အသုံးပြုနေတဲ့  ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ ပရဟိတ အသင်းအဖွဲ့များအနေနဲ့ ပြည်သူကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆိုင်ရာများနဲ့ ကူညီ ဖေးမရာမှာ ရောင့်ရဲတင်းတိမ်စိတ် မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြပါ၊ အထူးသဖြင့် သင်တန်းသားတိုင်းရဲ့ နှလုံးအိမ်မှာ ရန်သူ၊မိတ်ဆွေ မရှိဘဲ ဘေးဒုက္ခအန္တရာယ်နဲ့ ရင်ဆိုင် ကြုံတွေ့နေရသူတိုင်းကို မိမိတို့ရဲ့အသက် ခန္ဓာကိုအရင်းတည်ပြီး ကူညီကယ်တင်ရတာကြောင့် မွန်မြတ်တဲ့နှလုံးသားပိုင်ရှင် အသင်းအဖွဲ့များ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် (KS)၊ ရောင်စုံမေတ္တာ (MR)၊ ခေမာ၊ သဒ္ဓါရှင်၊ သုခဘုံ၊ သွေးဝေလျှံ၊ ကရုဏာရှင်၊ ရွှေရောင်လက်၊ သက်တော်ရှည်၊ စာဂပရဟိတစသည့် အသင်းအဖွဲ့များမှ သင်တန်းသား (၄၀)ဦးတို့ တက်ရောက်ပြီး သင်တန်း ကာလမှာ သြဂုတ်လ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂)ပတ်ကြာ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြများက စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းသိရသည်။

သန်းနိုင်ဦး(ငဖဲ)