ချောင်းဆုံ ဩဂုတ် ၁၀
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်တွင် ဇူလိုင် လ ၂၅ ရက်နေ့ မှ စတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး (၄၆)ရုံး တို့တွင် ကပ်ထားကြေညာလျက်ရှိရာ ယနေ့ အချိန်အထိ ချောင်းဆုံ မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ (၁၄၄၁၈)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ပထမအကြိမ် ကပ်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းများအား ဖြည့်စွက်လို ခြင်း၊ ပယ်ဖျက်လိုခြင်း၊ ကန့်ကွက်လိုခြင်း၊ ပြင်ဆိုလိုခြင်းရှိသည်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်ဆောင်ရွက်ရာတွင် ယနေ့အထိ မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၂၉)ဦး၊ မဲစာရင်းတွင် မိမိအမည်နှင့်အချက်အလက်မှားယွင်းနေ၍ ပုံစံ(၄-၈)ဖြင့် ပြင်ဆင်ပေးရန် လျှောက် ထားသူ (၅၄)ဦး နှင့် ပုံစံ(၄) မဲစာရင်းတွင် မပါဝင်သင့်သူ ကန့်ကွက်သူ (၁၄၄)ဦး ရှိ ပြီး ပထမအကြိမ် ကပ်ထားသည့် မဲဆန္ဒရှင် စာရင်းဦးရေမှာ (၁၃၀၄၂၁) ဦးရှိကြောင်းနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာလ တွင် (၁၄)ရက်ထပ်မံ ကပ်ထားကြေညာသွား မည်ဖြစ် ကြောင်း သိရှိရသည်။
ထူးအိမ်(ပြန်/ဆက်)