ကျိုက်မရော မတ် ၂၆
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အလှူငွေပေးအပ်ပွဲတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် က အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောကိ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန် ထိရောက်မှု ရှိစေရန်လိုအပ်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသော အလှူရှင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူငွေများကို ပေးအပ်ရာ မတည်အလှူရှင် MCL ဘိလပ်မြေစက်ရုံမှ အလှူငွေ (၁၅)သိန်းနှင့် ဒေသခံပြည်သူများနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များမှ အလှူငွေများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံဆယ်စုံ ၊ ပိုးသတ်ဆေးဖျန်းပုံး နှင့် စုစုပေါင်းအလှူငွေ ကျပ် (၇၂)သိန်း တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော် က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)