မအူပင်မြို့နယ်၌ ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်

မအူပင်  သြဂုတ်  ၁၀

မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဝါးတောကျေးရွာအုပ်စု ထနီဒေါင့်ကျေးရွာတွင် ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်ဖွင့်ပွဲနှင့် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆောက်အဦသစ်ရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထနီဒေါင့် ကျေးလက်ကျန်းမာရေးဌာနခွဲကို မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မာစိုး၊ အဆောက်အဦအလှူရှင် ဒေါ်လှစိန်နှင့် မြေယာအလှူရှင် ဗိုလ်ကြီးအေးမင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက အဖွင့်အမှာစကားပြောကြားပြီး အဆောက်အဦ ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ် ပြီးစီးမှု အခြေအနေအားရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြေယာအလှူရှင်က မြေယာလှူဒါန်းမှုနှင့် ပတ်သက်၍ပြောကြားခဲ့သည်။

ဆက်လက်၍ အဆောက်အဦအလှူရှင်နှင့် မြေယာအလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မာစိုးကပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။


ထနီဒေါင့်ကျေးရွာရှိ ထနီဒေါင့်ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ၊ ဝန်ထမ်းအိမ်ယာနှင့် ဆေးခန်းသုံးပစ္စည်းများ တန်းဖိုးငွေ ကျပ်သိန်း ၁၂၀၀ ကျော်ကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်သည့်နေ့တွင် အလှူရှင် ဒေါ်လှစိန်က လှူဒါန်းလွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ခရိုင် ပြန်/ဆက်