ညောင်လေးပင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပိုမိုပြည့်စုံမှန်ကန်စေရန်  ၇ ရက်တိုးမြှင့် ကပ်ထား ကြေညာ

ညောင်လေးပင်  ဩဂုတ် ၁၀

၂၀၂၀ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင် ၂၅ရက်နေ့ မှ ဩဂုတ် ၇ ရက်နေ့အထိ ညောင်လေးပင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ကပ်ထား ကြေညာထားပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် ဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ဩဂုတ် ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၆၁)အုပ်စု၌ မဲရုံပေါင်း (၁၅၀)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ (၁၆၀၀၀၀) ကျော်ရှိပြီး မဲစာရင်းများ စနစ်တကျ ကပ်ထား ကြေညာထားမှုနှင့် ပြည့်စုံ မှန်ကန် စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။

ဩဂုတ်လ ၉ရက်နေ့အထိ မဲစာရင်းကပ်ထားမှုအား လာရောက်ကြည့်ရှုသူ  ၂၃၄၃၅ဦး၊  မိမိအမည်မပါ၍ ပုံစံ(၃) ဖြင့်ဖြည့်စွက် တောင်းဆိုသူ ၁၃၄၈ ဦး၊  ပုံစံ(၄)ဖြင့်ကန့်ကွက်သူ  ၆၄၄ဦး၊  ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်သူ  ၃၂၇ဦး ရှိကြောင်း ဒုတိယအကြိမ် မဲစာရင်းကို အောက်တိုဘာလတွင် ကပ်ထားကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)