စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ (၆)ဦးအနက်(၂)ဦး အောင်မြင်ပြီး (၁)ဦးမှာ (၂)ဘာသာဂုဏ်ထူးပါရှိ

စစ်ကိုင်း၊ ဩဂုတ်၁၀

၂၀၁၉-၂၀၂၀ ပညာသင်နှစ် မတ်လ၌ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းများကို နိုင်ငံတစ်ဝန်း ယမန်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ပေးခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းမျက်မမြင်ကျောင်းမှ မသန်စွမ်းသူ (၆)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၂)ဦး အောင်မြင်ပြီး(၁)ဦးမှာ ဂုဏ်ထူး(၂)ဘာသာပါရှိခဲ့ကြောင်း သိရသည်။                                           

“ကျွန်မတို့ကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာဘာသာတွဲမှ မသန်စွမ်းသူ (6)ဦးဝင်ရောက် ဖြေဆိုခဲ့သည့်အနက် အောင်မြင်သူ(၂)ဦးမှာ မောင်အောင်သူရ ခုံအမှတ် စစ-၂၇၄၄ ဖြင့်ဝင်ရောက်ဖြေဆိုခဲ့ရာ ရိုးရိုးအောင်မြင်ခဲ့ပြီး မခင်ကြည်က ခုံအမှတ် စစ-၂၇၀၅ ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ ပထဝီနှင့်သမိုင်း(၂)ဘာသာ ဂုဏ်ထူး ပါရှိခဲ့ကြောင်း”ကို စစ်ကိုင်းမျက်မမြင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်က ပြောပြသည်။                                                        

စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၂၄)၌  ဝင်ရောက်ဖြေဆိုသူ (၃၆၃၅)ဦးရှိခဲ့ရာ (၁၁၂၃)ဦးအောင်မြင်ခဲ့ပြီး စစ်ကိုင်းခရိုင်၏ အောင်မြင်မှုရာခိုင်နှုန်းမှာ (၃၀ ဒဿမ ၈၉)ဖြစ်ကာ ယမန်နှစ်က အောင်မြင်ခဲ့သည့်အောင်ချက်ရာခိုင်နှုန်း(၃၃ဒဿမ၂၇) ထက်(၂ဒဿမ၃၈) လျော့နည်းခဲ့သည်ကို ခရိုင်ပညာရေးမှူးရုံးမှစာရင်းများအရသိရသည်။                           

မျိုးဝင်း(ပြန်/ဆက်)