လွိုင်ကော် ဇွန် ၁၃
ကယားပြည်နယ်အတွင်း ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာစေရေးတို့အတွက် ပြည်နယ်သံဃာနာယကအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထောက်ပံ့ လှူဒါန်းမှု၊ ပြည်နယ်သာသနာရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုများဖြင့် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှစ၍ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် နေ့စဉ်ကျင်းပခဲ့ရာ ဇွန် ၁၃ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ပြည်နယ်အတွင်းရှိ စာသင်တိုက်များမှ အစိုးရဓမ္မာစရိယစာမေးပွဲကို စာဖြေသံဃာ (၂၉)ပါး၊ ပါဠိပထမပြန်စာမေးပွဲကို စာဖြေသံဃာနှင့် သီလရှင် (၂၀၈)ပါး၊ စုစုပေါင်း စာဖြေသံဃာနှင့် သီလရှင် (၂၃၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာဖြေသံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းနှင့် နှာခေါင်းစည်း MASK တပ်ဆင်စေခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးခဲ့ သည်။
စာမေးပွဲကျင်းပစဉ်ကာလအတွင်း ဓမ္မစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းကွမ်းဝေယျဝစ္စများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကုသိုလ်ပြုလှူဒါန်းခဲ့ပြီး ပထမပြန်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းကွမ်းဝေယျဝစ္စများကို လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)