ချင်းရွှေဟော် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကို ဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့်ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၈ ရက်နေ့ ညနေ(၆)နာရီအချိန် က(၁၈)ဦးနှင့် ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က(၄၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၆၇)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၆၇)ဦးမှာ အမျိုးသား(၄၂)ဦး၊ အမျိုးသမီး (၂၅) ဦး တို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး၊ ကချင်ပြည်နယ်မှ(၁)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်မှ(၃၃)ဦး နှင့် ရခိုင်ပြည်နယ်မှ(၂၅)ဦးတို့ ဖြစ်ကြောင်း သိရသည်။
၎င်း နေရပ်ပြန်ပြည်သူများမှ တရုတ်နိုင်ငံမှလွှဲပြောင်းလာသည့် အမျိုးသား(၃၆)ဦး၊ အမျိုးသမီး(၁၃)ဦး စုစုပေါင်း(၄၉)ဦး တို့သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးအမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့ ကုသရေးဦးစီးဌာန မှ ၎င်းတို့၏အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့အား ရယူကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓါတ်ခွဲအဖြေကောင်းမွန်ကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေး လျက်ရှိ ရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား (၇၉၆၈) ဦး နှင့် အမျိုးသမီး(၆၃၇၆) ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၃၄၄) ဦးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)