ကျေးလက်တောရွာဒေသများတွင် လှည်းများကို လက်လွှတ်မခံနိုင်သေးဘဲ ရိုးရာဓလေ့သုံးပစ္စည်းအဖြစ် ယနေ့တိုင်အသုံးပြု

လှည်းသည် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ အသုံးပြုခဲ့ကြပြီး ဘီးနှစ်ဘီးတပ်၍ နွား၊ မြင်းစသော တိရစ္ဆာန် တစ်မျိုးမျိုးဖြင့် ဆွဲရသော သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်ည်။ မြန်မာနိုင်ငံ မြို့ကြီးများတွင် စက်တပ်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိနေကြသော်လည်း ကျေးလက်ဒေသ တောရွာများတွင် လှည်းများကို လက်လွှတ် မခံနိုင် သေးဘဲ ရိုးရာဓလေ့သုံး ပစ္စည်းအဖြစ် ယနေ့တိုင် အသုံးပြုလျက် ရှိကြသည်။

မြန်မာတို့အသုံးပြုခဲ့သောလှည်းအမည်များ

မြန်မာလူမျိုးတို့၏ ရှေးအစဉ် အဆက်အသုံးပြုခဲ့သော လှည်းများမှာ ( ၁ ) လှည်းယာဉ်၊ ( ၂ ) ခြံအိမ်လှည်း၊ ( ၃ ) ပေါင်းမိုး လှည်း၊ ( ၄ ) လှည်းမြီးတို၊ ( ၅ ) ရေစည်လှည်း၊ ( ၆ ) ဘုံသျှိုလှည်း၊ ( ၇ ) မယားကန်လှည်းတို့ဖြစ်သည်။ ၎င်း ( ၇ ) မျိုးထဲမှ ခြံအိမ်လှည်းသည် တစ်မျိုးအပါအဝင်ဖြစ်သည်။ ခြံအိမ်လှည်း ဆိုသည်မှာ လှည်းကြမ်း ဖြစ်ပြီး၊ စပါး၊ နှမ်း၊ ပြောင်း၊ ထင်း၊ ကောက်ရိုး၊ ကောက်လှိုင်းစသော ကုန်ပစ္စည်းများတင်ပြီး သယ်ယူပို့ဆောင်ရသော လှည်းတစ်မျိုးဖြစ်သည်။

လှည်းတစ်စီးတွင်ပါဝင်သောအစိတ်အပိုင်းများ

လှည်းတစ်စီးတွင် ပါဝင်သော အစိတ်အပိုင်းများမှာ လှည်းပန်းတောင်း၊ တကူ၊ နန်းရင်းခွေ၊ နန်းဖျားခွေ၊ သံဖိနပ်၊ ဆိတ်မျက်လုံး၊ လှည်းနားစောင့်၊ ဝန်ရိုး၊ ဆင့်တုံး၊ ဝက်စွယ်၊ ဝန်ရိုးဖုံး၊ ခြံအိမ်၊ ရံတိုင်၊ ရံတန်း၊ လက်တင်တန်း၊ ထုပ်၊ ယက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်းသန်ထုပ်၊ ကတ်ကျည်းဆံ၊ ခြံအိမ်ကပ်၊ ကပ်ဖုံး၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်၊ စွယ်ရန်တိုင်၊ ဓားမချပ်၊ ထမ်းပိုးတုံး၊ ထမ်ပိုးကျည်၊ ထမ်းပိုးကြိုး၊ ဦးပွတ်ကြိုး၊ ဦးပွတ်ကျည်၊ ကုပ်နှိပ်ကြိုး၊ ဦးကင်း၊ လှည်းထောက်ခွ၊ ပြန်ကထောက်၊ နောက်ထောက်နှင့် ပေါင်းမိုးတို့ဖြစ်သည်။

ကျွဲနွားဆွဲရာတွင်လွယ်ကူသက်သာမှလှည်းကောင်း

လှည်းဆောက်လုပ်ရာ၌ စည်းစနစ် ရှိသေးသည်။ လှည်းသန်၊ ထမ်းပိုးတုံး၊ ဝန်ရိုးတို့၏ အတိုင်းအတာ၊ အတိုအရှည် ပမာဏကို လှည်းဆရာများက အထူးဂရုစိုက် ကြရသည်။ လှည်းပြုလုပ်ရာ၌ စည်းစနစ် ကျနမှန်ကန်မှ လှည်းကောင်းတစ်စီး ဖြစ်လာနိုင်သည်။ လှည်းကောင်းဟု ဆိုရာတွင် ကြည့်ရှုရာ၌ လှပရုံ ကြာရှည်ခိုင်ခန့် ရုံနှင့် လှည်းကောင်းဟု မခေါ်နိုင်သေးပေ။ အမှန်ကောင်းသောလှည်းသည် နွားများ၊ ကျွဲများ ဆွဲရာတွင် လွယ်ကူသက်သာ စေရမည်။ သူ့အချိုးအစားနှင့်သူ ချိန်သားကိုက် စီမံထားသောလှည်းသည် ကုန်ချိန် မည်မျှပင် လေးသည်ဖြစ်စေ အလေးမျှ၍ ပြေပြစ်စွာ လိမ့်ပါသွားခြင်းကြောင့် ရုန်းဆွဲရသော ကျွဲနွားများကို သက်သာမှု ပေးနိုင်သည်။

ထို့ကြောင့် ကျေးလက်ဒေသတောရွာနေ မြန်မာလူမျိုးများ သယ်ယူပို့ဆောင်ရာတွင် မရှိမဖြစ် လိုအပ်သော ကျေးလက်ဒေသ ရိုးရာဓလေ့သုံး ခြံအိမ်လှည်းကို ယနေ့တိုင် အသုံးပြုလျက်ရှိပြီး နောင်အနာဂါတ်တွင်လည်း မြန်မာ့ရိုးရာ ယာဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့် ကျေးလက်ဒေသသုံး ခြံအိမ်လှည်းကို ထိန်းသိမ်း စောင့်ရှေက်ရင်း ဆက်လက်အသုံးပြု သွားစေချင်ပါသည်။

ဇေယျာထက် (မင်းဘူး)