မော်လိုက် သြဂုတ် ၇
နိုင်ငံတော်အစိုးရမှ မော်လိုက်ခရိုင်အတွင်းရှိ ပြည်သူများအတွက် အရေးပေါ်အရန်ရိက္ခာအဖြစ် ထောက်ပံ့နိုင်ရန် စားအုန်းဆီပုံး နှစ်ထောင်ကျော်ကို ယနေ့နံနက်ပိုင်းစတင်၍ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန သိုလှောင်ရုံတွင် စတင်သိုလှောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်အစိုးရမှ ဝယ်ယူသည့် နိုင်ငံတော်အရေးပေါ် ရိက္ခာစားအုန်းဆီပုံး (၂၃၃၆) ပုံး ဆီပိဿာချိန် စုစုပေါင်း (၂၃၃၆၀) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြင့်မားလာပြီး အသွားအလာ ကန့်သတ်ချက်များရှိလာပါက ပြည်သူများအတွက် စားနပ်ရိက္ခာအဆင်ပြေစေနိုင်ရန် အရေးပေါ် ထောက်ပံ့ ပေးနိုင်ရေးအတွက် သိုလှောင်ထားရှိခြင်းဖြစ်ကြောင်း၊ အခုသိုလှောင်ထားသည့် အရန် စားအုန်းဆီပုံးများကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်မား လာချိန်၊ စားနပ်ရိက္ခာအခက်အခဲ ရှိလာ သည့် အခါများတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ အစီအစဉ်များနှင့်အတူ ပြည်သူများအားလုံးအတွက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း”မော်လိုက်မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ တာဝန်ခံ ဦးသိန်းထူး ပြောကြားချက်အရ သိရသည်။
မော်လိုက်သားလေး