မယ်စဲ့ ဩဂုတ် ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မဲစာရင်းများ ပြန်လည်စိစစ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများသည် အရေးကြီးကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်သည့်အခါ ပထမအကြိမ်ကဲ့သို့ ချို့ယွင်းချက်၊ အားနည်းချက် များ မဖြစ်စေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိရေးအတွက် တစ်အိမ်တက်ဆင်း ကောက်ခံရန်လိုအပ်ကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူများ မဲပေးနိုင်ရေအတွက် အမျိုးသားရေးတစ်ရပ်အနေဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် လိုအပ်သည့် အချက်များနှင့် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲခွဲဝင်များက သိလိုသည့်အချက်များ ကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝတ်ရည်(ပြန်/ဆက်)