ဗန်းမော်မြို့ AD-2000 IDP Camp မှ ပြောင်းရွှေ့နေထိုင်သော လူနေအိမ်နှင့် ရေအရင်းအမြစ် ဆိုင်ရာအဆောက်အဦများ လွှဲပြောင်းပေးအပ်

ဗန်းမော်       ဩဂုတ်   ၇

ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက်ရှိ AD-2000 IDP Camp မှ ဗန်းမော်မြို့၊ (၃)မိုင် ရွှေပြည်သာရပ်ကွက်သို့ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပံ့ပိုးကူညီမှုဖြင့် ပြောင်းရွှေ့နေထိုင်ကြသည့် မိသားစုဝင်(၁၁)စုအား လူနေအိမ်နှင့်ရေအရင်းအမြစ်ဆိုင်ရာ အဆောက်အဦများကို ယနေ့နံနက် ၉ နာရီခွဲက လွှဲပြောင်း ပေးအပ်ခဲ့ သည်။

ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် KMSS-BANMAW (ကရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်း)မှ ဒါရိုက်တာ ဖာရ်သာ မိုက်ကယ်မရူတန်ဂွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး ရယ်မွန်ဆွတ် လွတ်ဂမ်က တိုက်ပွဲရှောင်များအား အားပေးစကားများ ပြောကြားခဲ့ပြီး ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ယခုပြောင်းရွှေ့နေထိုင်ကြသော ပြည်သူများအား လမ်း၊ လျှပ်စစ်မီးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။

အဆိုပါ နေအိမ်များကို KMSS-BANMAW (ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း)၊ ကရုဏာနယ်သာလန်(Cordaid)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ မှ ပံ့ပိုးကူညီမှုဖြင့် လူနေအိမ်(၁၁)လုံးဆောက်လုပ်၍ ပြောင်းရွှေ့နေထိုင်ရာတွင်  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ လူနေအိမ် တစ်လုံးလျှင် သွပ်(၅၆)ချပ်ကို လည်းကောင်း၊ ကရုဏာနယ်သာလန် (Cordaid) မှ လူနေအိမ်အားလုံး အသုံးပြုနိုင်ရန်အတွက် စက်ရေတွင်း၊ ရေစင်နှင့် အိမ်သာ(၁၁)လုံးတို့ကို လည်းကောင်း၊  KMSS-BANMAW (ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း)မှ လူနေအိမ် အလျား(၂၇)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁ဝ)ပေခွဲ၊ ပျဉ်ကိုယ်ထည်၊ ကွန်ကရစ်အခင်း၊ ကာလာသွပ်မိုး၊ ဝါးထရံကာပြီး (၉)ပေပတ်လည် အိပ်ခန်းနှစ်ခန်း နှင့် (၁၈)ပေ ပတ်လည် ဧည့်ခန်းများဖြစ်ပြီး KMSS-BANMAW (ကရုဏာလူမှုစည်းလုံး ညီညွတ်ရေး အသင်း)မှ ဒါရိုက်တာ ဖာရ်သာ မိုက်ကယ်မရူတန်ဂွန်းက သက်ဆိုင်ရာမိသားစုများအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)