ရေနံချောင်း ဩဂုတ် ၇
နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ စီပွားရေးကုစားမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ၁၀ ရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက် မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဦးသိန်းလှ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမန်ကိုဟော၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းဝင်ကျေးရွာကော်မတီများ တက်ရောက်ခဲ့သည်။
စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ၊ ရွှေတုတ်ကန်၊ ကန်လေးကုန်း၊ စခန်းကန်ကျေးရွာအုပ်စု ကံသာကျေးရွာ၊ လေးတိုင်စင်၊ ချိုင်း၊ မကြီးကုန်းကျေးရွာနှင့် ကုန်းသောင်ကျေးရွာတို့ကို ကျေးရွာမတည်ရန်ပုံငွေ သိန်း ၃၀၀ ကျပ်စီနှင့် ရှားတော ကျေးရွာနှင့် ဆေးပုလဲတောကျေးရွာတို့ကို ရန်ပုံငွေကျပ် သိန်း ၂၀၀ စုစုပေါင်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) သိန်း ၂၈၀၀ ကိုလွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အတိုးနှုန်းသက်သာစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပြုလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး