ပုသိမ် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြုလုပ်သော Cash For Work စီမံကိန်းနှင့် (VRFP) ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်များအတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ပုသိမ်မြိူ့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးရာဇာအေး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်နှင့်ဝန်ထမ်းများ၊ ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကျေးလက်မှကော်မတီဝင်များ တက်ရောက်ခဲ့ကြ သည်။
ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးနိုင်က ရန်ပုံငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေး၊ မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်နှင့် တာဝန်ရှိသူများက(VRFP) ကျေးရွာမတည် ရန်ပုံငွေ ကျေးရွာနှစ်ခုအတွက် သိန်း (၅၀၀)နှင့် CFW စီမံကိန်းကျေးရွာ (၆) ရွာအတွက် တစ်ရွာလျှင် သိန်း(၁၀၀) ကျပ်နှုန်းဖြင့် လွှဲပြောင်း ထောက်ပံ့ပေးအပ်ရာ ကျေးရွာ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြ သည်။ ယနေ့တွင် စီမံကိန်းကျေးရွာ ၈ ရွာအတွက် ရန်ပုံငွေကျပ်စုစုပေါင်း သိန်း ၁၁၀၀ ကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်ဟန် (ပြန်/ဆက်)