မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးဆွေးနွေး

မြိတ်     ဩဂုတ်    

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ မြိတ်ခရိုင်နှင့်မြို့နယ်များ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများသည် ဩဂုတ်လ( ၅) ရက် နေ့လယ်ပိုင်းက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးယဉ်ထွေးဦးဆောင်၍ မဲဆန္ဒရှင်စာရင်းတွင် ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ ဖြည့်သွင်းနိုင်ရေးအတွက် မြို့နယ်များအလိုက် ကွင်းဆင်းဆောင်ရွက်မည့် အစီအမံများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများသည် မိမိတာဝန်ကျတဲ့ ရပ်ကွက်/ ကျေးရွာများကိုကွင်းဆင်းပြီး ကော်မရှင်မှယူဆောင်လာတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့ ကွက်လပ်တွေမှာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ပူးပေါင်းပြီး မေးမြန်းခြင်းတွေလုပ်မယ်။ ခရီးလွန်နေတာလား၊ နိုင်ငံသားစိစစ်ရေးကတ်လုပ်ပြီးပြီလား ‌မေးမြန်း၍ အခုမှ နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ရမယ်ဆိုရင် လုပ်ပေးမယ်။ ခရီးလွန်နေတယ်ဆိုရင် သူတို့ဆွေမျိုးတွေဆီမှ စုံစမ်းပြီး မှတ်ပုံတင်နံပါတ် ပြန်ထည့်ပေးမယ်။ မှတ်ပုံတင်လုပ်ရမယ့်သူ များ နေရင် ကွင်းဆင်းပြီး ဆောင်ရွက်ပေးပါ့မယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးဌာနမှူး ဦးတင်ဇော်ဝင်းက ပြောသည်။

မြိတ်ခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေး အမှတ်များအနေဖြင့် ပထမအကြိမ် ကြေညာထားရှိသည့် မဲဆန္ဒရှင်စာရင်းကို စိစစ်ဆောင်ရွက်ခဲ့ကြရာ ကွက်လပ်ဖြည့်ရမည့် အရေအတွက် (၆၆၉၉၉) ဦး ရှိခဲ့ကြောင်း၊ ကွက်လပ်ဖြည့်ရမည့်အရေအတွက်များကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြရာ (၉၄၃၀) ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့် (၅၇၅၆၉) ဦးအား မြို့နယ်များအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )