လွိုင်ကော်မြို့၌ ကိုဗစ်−၁၉ ချေးငွေ ဒုတိယအကြိမ် ချထားမှုအတွက် လိုအပ်သည့် အချက်အလက်များ ရှင်းလင်း

လွိုင်ကော် ဩဂုတ် ၇

ကယားပြည်နယ် လွိုင်ကော်မြို့၌ COVID- 19 ချေးငွေ ဒုတိယအကြိမ် ချထားမှုအတွက် လိုအပ်သည့် အချက် အလက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယား ကန်သာဘေး BBQ စားသောက်ဆိုင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က MSME ချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားပြီး MSME Association Kayah အသင်း ဒုဥက္ကဋ္ဌက ပြည်နယ်အတွင်းတွင် အသေးစား ၊ အငယ်စား ၊ အလတ်စား လုပ်ငန်းရှင်များ၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက် လုပ်ကိုင်နိုင်ပြီး ပြည်နယ်အတွင်းရှိ လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးမှု အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အသင်း အနေဖြင့် SME လုပ်ငန်းရှင်များ အတွက် နည်းပညာ အကူအညီ၊ ငွေကြေး အကူအညီ၊ ထုတ်ကုန် ဈေးကွက် ရရှိနိုင်ရေး နှင့် သမားရိုးကျ လုပ်ငန်းများကို ဆန်းသစ် တီထွင်နိုင်စေရေး တို့ကို ကူညီ လုပ်ဆောင် ပေးလျက် ရှိကြောင်း ၊ အခါ အားလျော်စွာ စီးပွားရေး ပညာရှင်များ ၊ စီးပွားရေး အကြံပေးများ ဖိတ်ခေါ်ပြီး စီးပွားရေး သင်တန်း များ ပေးလျက်ရှိကြောင်း ၊ ပြည်ထောင်စု အဆင့်တွင်လည်း MSME အေဂျင်စီ ဟူ၍ ဒုတိယသမ္မတ ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းပြီး SME ကဏ္ဍ ဖွံ့ဖြိုးမှုအား ဦးစားပေး လုပ်ဆောင် လျက်ရှိကြောင်း ၊ MSME Kayah အသင်းသည်လည်း MSME Yangon ၊ MSME NayPyiTaw ပြီးလျှင် တတိယမြောက် ဖွဲ့စည်းခွင့် ရရှိသည့် ပုဂ္ဂလိက အသင်းဖြစ်ပြီး အဆိုပါ ညီနောင်အသင်းဖြစ်သည့် MSME Yangon ၊ MSME NayPyiTaw တို့နှင့် ချိတ်ဆက်ပြီး အသေးစား ၊ အငယ်စား ၊ အလတ်စား လုပ်ငန်းရှင်များ ဘဝ ပိုမိုကောင်းမွန် လာစေရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း ၊ MSME အသင်း မဝင်ရသေးသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း လုပ်ငန်းများ ပိုမိုကောင်းမွန် တိုးတက်စေရန် အတွက် MSME Kayah အသင်းသို့ ဝင်ရောက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် MSME Association Kayah အသင်း အထွေထွေ အတွင်းရေးမှူး က အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြပြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ကုမ္ပဏီများ ချေးငွေ လျှောက်ထားမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန မှ COVID-19 ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်တွင်း အခွန်များ ဦးစီးဌာန မှ COVID-19 ကာလအတွင်း အခွန် ဖြေလျော့မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသော လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ၊ MSME Association Kayah အသင်းမှတာဝန်ရှိသူများ ၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)