ပွင့်ဖြူ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအပေါ် သက်သာစေရေးအတွက် မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး (CERP)အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျွဲနွားမွေးမြူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ သက်တော် ရှည်ရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက သင်တန်း ဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့် ကျွဲနွားမွေးမြူရေးဆိုင်ရာသင်ခန်းစာများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆင့် က ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် သင်တန်းသား ၊ သင်တန်း သူများကို ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် သက်သာစေရန် မိသားစုဝင်ငွေ တိုးပွားစေမည့် အခြေခံကျွဲနွား မွေးမြူရေးနည်း စနစ်နှင့် ဒေသနွားမျိုးများအကြောင်း သိကောင်းစရာများ၊ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများနှင့် ကာကွယ် ကုသ နည်းစနစ်များ ၊ တိရစ္ဆာန်အစာဖူလုံရေး စားကျက်စိုက်ပျိုးရေးနည်း စနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ ကျွဲနွားမွေးမြူရေးသင်တန်းသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၆)ရွာမှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက်သင်ကြား ခဲ့ကြောင်း သိရကာ ဩဂုတ် ၅ ရက်နေ့မှ ၇ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)