ကြို့ပင်ကောက် ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြစ်မခချောင်းရေတက်မှုကြောင့် ဩဂုတ် လ ၆ ရက်နေ့တွင် ကျေးရွာအုပ်စု လေးအုပ်စုရှိ မိုးစပါးစိုက်ဧက ၃၂၈၇ ဧကရေလွှမ်းခြင်း ခံရကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း မြစ်မခမြစ်ရေတက်မှုများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် မြစ်မခချောင်းရေတက်မှုကြောင့် တောင်သူ ၇၀၇ ဦးတို့၏လယ်မြေများဖြစ်သော မင်းအို ကျေးရွာအုပ်စုတွင် မိုးစပါးစိုက်ဧက ၉၀၆ ဧက နှင့် ညောင်ပင်မြင်းစီးကျေးရွာအုပ်စုတွင် ၁၅၇၅ ဧက ကျောက်ဝကျေးရွာအုပ်စုတွင် ၅၀၈ ဧကနှင့် စစ်ကုန်း-၂ ကျေးရွာ အုပ်စုတွင် ၂၉၈ ဧက စုစုပေါင်း ၃၂၈၇ ဧကရေလွှမ်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းဟိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဩဂုတ်လ ၅ ရက်နေ့က မင်းအို ကျေးရွာနှင့် ထန်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ သောက်ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက် များ လှူဒါန်းခဲ့ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)