ကြံခင်းမြို့၌ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလစောင့်သူများ၊ ကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

ကြံခင်း ဇူလိုင် ၂၉

၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ဝါဆိုလပြည့် (ဓမ္မာစကြာအခါတော်နေ့) တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဘုရားစေတီကျောင်းကန်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်များရွတ်ပွားပူဇော်ခြင်း၊ ဝါဆိုပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဘုန်းကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း၊ သမိုင်းဝင်ဗုဒ္ဓတစ်ထောင် အကောက်တောင်စေတီတော်မြတ်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြှော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။

ဓမ္မာစကြာအခါတော်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့တရားရတနာ၊ သံဃာရတနာ စတင်ပေါ်ပေါက်လာသောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာသောနေ့၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ စသည့်တို့ဖြင့် ထူးခြားဂုဏ်ဒြပ်များနှင့်အညီ ပြည့်စုံသောနေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)