မော်လမြိုင်ကျွန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ Rice Export Zone စီမံကိန်းသည် အရည်အသွေးမြင့် စပါးနှင့်ဆန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတိုးတက်စေရေးနှင့် နိုင်ငံ၏ ဆန်တင်ပို့မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရေးပါသည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်သူများအတွက် လိုအပ်သော စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများကို အချိန်မီ ပံ့ပိုးပေးလျက်ရှိကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဟေမာန်ကျော်ဝင်းက Rice Export Zone စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ တောင်သူများအတွက် ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမြင့်၊ မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် Strategy Win Trading Co.,Ltd., International Green Land Trading Co., Ltd. နှင့် Royal Galaxy Star Co.,Ltd. တို့မှ တာဝန်ရှိသူများက Rice Export Zone စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)