မော်လမြိုင်ကျွန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၌ ပြည်သူများအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီက မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) သို့ သွားရောက်၍ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစန်းဝင်းတို့က ဆေးရုံအတွင်းရှိ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းနှင့် လူနာဆောင်များ၌ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ အမြန်ဆုံးကျန်းမာသက်သာစေရန် ဆုမွန်ကောင်း တောင်းပေးသည်။
ထို့နောက် ဆေးရုံဝန်းအတွင်းရှိ ရင်ခွဲရုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆက်လက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် သန့်ရှင်းသပ်ရပ်၍ ဘေးကင်းလုံခြုံသည့် ဆေးရုံပတ်ဝန်းကျင်ဖြစ်စေရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို အရည်အသွေးပြည့်မီစွာ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)