ဆင်ပေါင်ဝဲမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ကာ သင်တန်းအဖွဲ့သားများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) တွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၃၇) ဦး တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားခဲ့ပြီး၊ အဆိုပါသင်တန်းတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်ရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရစနစ်ကို လက်တွေ့ကျင့်သုံးပြီး ခေတ်စနစ်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်၍ နိုင်ငံတော်က ချမှတ်ထားသောမူဝါများ၊ ဦးတည်ချက်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)